Sunday 17 January 2016

အစာလမ်းကြောင်း (သို့မဟုတ်) အစာရေမျိုပြွန် ပြဿနာ

ပါးစပ်ကနေ စားလိုက်သမျှ အစာအာဟာရတွေကို အစာအိမ်ထဲကို ရောက်ဖို့ အစာအိမ်ရဲ့ အက်စစ်ဓာတ်တွေကနေ ချေဖျက်ပေးဖို့အတွက် သယ်ယူပို့ဆောင်ရေးကို တာဝန်ယူထားရတဲ့  အစာရေမျိုပြွန်ဆိုတဲ့ Oesophagus ရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ အစားအသောက်တွေကို အာခံတွင်းထဲကနေ အောက်ဆက်ဆင်းနိုင်ဖို့အတွက်၊ မျိုချနိုင်ဖို့ရာ အတွက်ကိုလည်း ဆိုင်ရာဆိုင်ရာ လှုံ့ဆော်ပေးနေတဲ့ အာရုံကြောတွေ ကောင်းနေဖို့လည်း လိုအပ်ပြန်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အစာမျိုချရတာ ခက်ခဲတယ်။ အရင်လို အဆင်မပြေတော့ဘူးဆိုတာလည်း ဖြစ်တတ်ကြပါတယ်။ အရည်ဖြစ်စေ၊ အဖတ်ဖြစ်စေ မျိုချတဲ့အခါမှာ လည်ချောင်းထဲမှာ တစ်ခုခုပိတ်ခံနေ သလိုမျိုး နင်နေတတ်တာ၊ တစ်ဆို့ဖြစ်နေတတ်တာမျိုး ဖြစ်တတ်တာမျိုးပါ။ ဒါကိုတော့ ဆေးပညာ အခေါ်အဝေါ်အရ Dysphagia လို့ခေါ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးတိုလေးမှာ ဘာကြောင့် အစာမျိုရတာ၊ ရေမျိုရတာ ပုံမှန်လိုမဟုတ်ဘဲ ခက်ခဲလာတတ်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြလိုတာမို့ ဖြစ်တတ်တဲ့အ ကြောင်းအရာလေးတွေကို ဆက်လေ့လာကြည့်ရအောင်။ Dysphage ဖြစ်ရခြင်းရဲ့ ဖြစ်နိုင်ခြေတွေများ စွာအနက်မှာမှ အကြောင်းအရာတစ်ခုကတော့ အစာ ရေမျိုပြွန်မှာ ချို့ယွင်းချက် တစ်ခုခုရှိနေတာကြောင့်ဆို တဲ့အချက်ပါ။

- အစာရေမျိုပြွန် ကျဉ်းမြောင်းလာတဲ့ အခြေအနေမျိုး၊ ရောဂါမျိုးတွေကြောင့် မျိုချတဲ့အခါမှာ ခက်ခဲလာတာ မျိုးဖြစ်တတ်ပါတယ်။ ဒီလို Oesophagus ကျဉ်းရခြင်း အကြောင်းကတော့ နှစ်မျိုးဖြစ်နိုင်ပါတယ်။ အစာအိမ် အက်စစ်တွေကြောင့် တိုက်စားပြီးကျဉ်းတဲ့ Benign ကျဉ်းတာမျိုးနဲ့ အစာရေမျိုပြွန်မှာ ကင်ဆာဖြစ်နေတာ၊ သူနဲ့ ဆက်ရပ်အစာအိမ်မှာ ကင်ဆာဖြစ်နေတာစတာကြောင့် ကျဉ်းလာတတ်ပါတယ်။

- တစ်ခါတစ်ရံမှာတော့ ရင်ခေါင်းထဲမှာ ရောဂါတစ်ခုခု ရှိနေတာကြောင့်လည်း အစာပြွန်ကိုလာဖိသလိုဖြစ်ပြီး အစာစားတဲ့အခါ ပုံမှန်လိုမျိုချလို့ မကောင်းတာ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် နှလုံးအမြှေးပါးထဲမှာ ရေဝင်ပြီး နှလုံးကြီးပိုကြီးနေသလို ဖြစ်နေရာကနေ အစာပြွန်ရှိ ရာနေရာကိုလာ ဖိထားသလိုဖြစ်ရတာမျိုး၊ လည်ပင်းကြီး ရောဂါရဲ့လည်ပင်းကျိတ်ကြောင့် အစာရေမျိုပြွန်ကိုဖိသလို ဖြစ်တတ်တာမျိုး စတဲ့အခြားရောဂါတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

- Oesophagus ရောင်နေတဲ့အခါမျိုးမှာလည်း အစာမျိုရတာ၊ ရေမျိုရတာ မကောင်းဘဲရှိတတ်ပါတယ်။ အစာအိမ်ရဲ့ အက်စစ်ဓာတ်တွေ အစာပြွန်ထဲကို ပြန်ဆန် တက်တာကြောင့် အက်စစ်တွေနဲ့ ထိတွေ့တာအ ချိန်ကြာ လာတဲ့အခါမျိုးမှာ ထိခိုက်တဲ့ အစိတ်အပိုင်းအစာပြွန်ပါ ရောင်ရမ်းလာတတ်တာမျိုးပါ။ ရင်ပူတယ်ဆိုပြီးတော့လည်း လက္ခဏာပြတတ်ပြီး အသက်ကြီး လာလေလေပို ဖြစ်တတ်လေလေပါပဲ။

- လူနည်းစုမှာ ဖြစ်တတ်တာကတော့ အက်စစ်ပါဝင်တဲ့ အရည်တစ်ခုခုကိုသောက်သုံးလိုက်တဲ့နောက်ပိုင်းမှာမှ ရောင်ရမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ Oesophagus ကျဉ်းလိုက်လာတာမျိုးပါ။

- အစာရေမျိုပြွန်ရောင်တာဟာ အစာပြွန်မှာ ဖြစ်တတ်တဲ့ Candida မှိုရောဂါလိုရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားနည်းစေတဲ့ ဆေးဝါးတွေသောက် သုံးနေရတာကြောင့်သော်လည်းကောင်း၊ ခုခံအားကျ ဆင်းစေတဲ့ ရောဂါတွေရှိသူတွေမှာလည်းကောင်း တွေ့ ရတတ်ပါတယ်။ ဒီလိုမျိုး မှိုရောဂါဖြစ်နေတာကြောင့် အစာပြွန် ရောင်ရမ်းရာကနေ အစားအသောက်စားသုံး ရာမှာပုံမှန် မဟုတ်တော့ဘဲ နင်တတ်တဲ့ ဝေဒနာမျိုးကို ခံစားရတတ်ပါတယ်။

- ဒါတွေအပြင် လည်ပင်းထဲမှာ တစ်ခုခုနင်နေသလို ဖြစ်နေစေတဲ့ Foreign body တစ်ခုခုကြောင့်လည်း ဒီလို လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ငါးရိုးနင်ထားသလား၊ ကလေးတွေဆိုလည်း အစာစားရင်း တစ်ခုခုမျိုချမိထား သလားစတာမျိုးတွေကိုလည်း သတိချပ်သင့်ပါတယ်။ တစ်ခါတလေကျရင် ခပ်ဝေးဝေးရောဂါတွေကို စိုးရိမ် နေရာကနေ အနီးဆုံးဖြစ်တတ်တာကို မေ့လျော့သွား တတ်တာမျိုးကြောင့်ပါ။

- တစ်ခါတစ်ရံမှာတော့ အစာရေမျိုပြွန်ရဲ့လှုပ်ရှားမှုပိုင်း ဆိုင်ရာမှာ ချို့ယွင်းချက်တွေရှိတဲ့အတွက် မျိုချရတာ ခက်လာတတ်ပါတယ်။ အစားအသောက်တွေကို စားသုံးလိုက်တဲ့အခါမှာ အစာအိမ်ဆီကို တောက်လျှောက် ဆင်းသွားစေဖို့ဆိုတာဟာ Oesophagus ကကြွက်သား တွေလှုပ်ရှားရာကနေ ဖြစ်စေပါတယ်။ ဒါပေမဲ့ Achlasia လို့ခေါ်တဲ့ရောဂါမျိုးဖြစ်လာတဲ့ အခါမှာတော့ အစာပြွန်ရဲ့ ကြွက်သားတွေဟာ စားသုံးလိုက်သမျှ အစားအသောက်တွေကို ပြည့်ပြည့်ဝဝနဲ့ အစာအိမ်ထဲကို ညှစ်ပြီး မပို့ဆောင် နိုင်တော့ဘဲ ပုံမှန်မဟုတ် ဖြစ်လာပါတယ်။

Dysphagia ဖြစ်တာနဲ့ အစာရေမျိုပြွှန် ပြဿနာလို့ပဲ တစ်ထစ်ချတော့ပြောလို့ မရတတ်ပါဘူး။ ဒါကြောင့် နောက်တစ်ပိုင်း အနေနဲ့ဆို ရမယ်ဆိုရင်တော့ အာရုံကြောပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့်လည်း အစာမျိုချရတာ၊ ရေမျိုချရတာ ခက်ခဲနေတတ်ပါတယ်။ ထိုနည်းတူစွာ မျိုချရင်းနဲ့ သီးတတ်တာမျိုးလည်း ဖြစ်လာ တတ်ပါတယ်။ ဒီလိုမျိုး အာရုံကြောကြောင့် ဖြစ်ရလေ့ရှိတဲ့ ရောဂါတွေ အနေနဲ့ဆိုရင်တော့ အာရုံကြောကိုထိခိုက်စေတဲ့ Myasthenia Gravis လိုရောဂါဟာ တစ်ခုပါ ဝင်ပါတယ်။ များသောအားဖြင့် ကိုယ်ခံအားပိုင်းဆိုင်ရာမှာ ပြဿနာဖြစ်ပြီး Autoantibodies တွေ ပေါ်တာ ကြောင့် ဖြစ်လာတတ်တဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါ ဖြစ်တဲ့အခါမှာ မျက်ခွံတွေလေးပြီး မျက်လုံးဖွင့်ရ ခက် လာတာ၊ အမြင်နှစ်ထပ်ဖြစ်တာကနေ စဖြစ်လာတတ်ပါ တယ်။ ဒီလိုလက္ခဏာတွေနဲ့တွဲဖက်ဖြစ်မှာကတော့ အ စာစားတာ၊ မျိုချတာမှာခက်ခဲတာတွေနဲ့ လှုပ်ရှားသွား လာရတာနဲ့ စကားပြောရတာ ခက်ခဲမှုတွေပါ ဖြစ်လာ နိုင်ပါတယ်။ ဒီလိုရောဂါမျိုးဆိုရင်တော့ အသက်ရှူဖို့ ရာအရေးပါတဲ့ ကြွက်သားတွေကိုပါ ထိခိုက်စေတဲ့အတွက် အသက်မရှူနိုင်တော့တာဖြစ်ပြီး အသက်ပါဆုံး ရှုံးနိုင်တာမို့ သတိထားဖို့ လိုအပ်တယ်လို့ဆိုရမှာပါ။ ဒီလို Myasthenia Gravis အာရုံကြောရောဂါ ဖြစ်တယ်လို့ သံသယရှိရင်တော့ အရေးပေါ် ကုသမှုခံယူဖို့လည်း လိုအပ်ပါကြောင်း၊ Dysphagia နဲ့ပတ်သက်သမျှ အကျဉ်းချုံး မျှဝေတင်ပြပေးလိုက်ရပါတယ်။

No comments:

Post a Comment