Saturday 12 March 2016

Collagen

ယနေ့ခေတ်မှာဆိုရင် ကျွန်တော်တို့တွေဟာ ခန္ဓာကိုယ် ချောမောလှပမှုကို အလေးပေး အာရုံစိုက်လာကြပါပြီ။ အဲဒီ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အလှကုန်ပစ္စည်းနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးဝါးအမျိုးစုံ ပေါ်ထွက်လာပါတယ်။ အဲဒီ့ဓာတ်ပစ္စည်းတွေထဲမှာ ဗိုက်တာမင် (Vitamin) ဓာတ်အမျိုးမျိုး၊ အဆီဓာတ်အမျိုးမျိုးနဲ့အတူ၊ ကော်လာဂျင် (Collagen) ခေါ်တဲ့ အသားဓာတ် တစ်မျိုးလည်း ပါဝင်ပါတယ်။ Collagen ဓာတ်ပါတဲ့ ဆေးကို အရေပြားပေါ် လိမ်းပေးခြင်းဖြင့်၊ သို့မဟုတ် ဆေးသောက်ခြင်းဖြင့် အသားအရေ နုပျိုပြီး၊ အရေးအကြောင်းတွေ လျော့နည်းပျောက်ကင်းအောင် ပြုလုပ်နိုင်တယ်လို့ အလှကုန်ထုတ်သူတွေက ကြော်ငြာလေ့ရှိကြပါတယ်။ အဲဒီလို ကြော်ငြာတွေက စင်စစ် မှန်ကန်မှုရှိရဲ့လား၊ Collagen ဆေးကို အသားပေါ် လိမ်းပေးခြင်း၊ စားဆေး သောက်ခြင်းဖြင့် အမှန်တကယ် အရေးအကြောင်းတွေ ပျောက်ကင်းပြီး နုပျိုလာမှာလား…။ စင်စစ် ဇီဝဗေဒ အသိပညာနဲ့ ဆန်းစစ်ကြည့်ရင်တောင် အဲဒီ့ ကြော်ငြာချက်တွေက မှားယွင်းနေတာကို တွေ့ရမှာပါ။ အလှကုန်ပစ္စည်းတွေ အရောင်းသွက်အောင်၊ သို့မဟုတ် တစ်မျိုးဆန်းသစ်စေဖို့ ထုတ်လုပ်နေကြတာပါပဲ။ အခု ဆောင်းပါးမှာ အဲဒီ့ Collagen ဆေးတွေအကြောင်းကို အသေးစိတ် ဆွေးနွေးသွားပါမယ်။

Protein ၏ ဖွဲ့စည်းတည်ဆောက်ပုံ…

Collagen ဓာတ်ဟာ အသားဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဇီဝဗေဒမှာတော့ Protein လို့ခေါ်တာပေါ့လေ။ Protein molecule တစ်ခုဟာ နှယ်နှယ်ရရ Molecule မဟုတ်ပါဘူး။ သူ့ထက် ပိုသေးတဲ့ Molecule လေးတွေကို ပုတီးသီသလို သွယ်တန်းထားတဲ့ Molecule အကြီးစား (Macro-molecule) တစ်ခုပါ။ ခုနက ပုတီးစေ့လေးတွေလို့ တင်စားတဲ့ Molecule အငယ်လေးတွေကိုတော့ Amino Acid လို့ခေါ်ပါတယ်။ Amino Acid ဟာ ဇီဝသက်ရှိတွေမှာပဲ တွေ့ရတဲ့ သက်ရှိဒြပ်ပေါင်း (Organic Compound) ဖြစ်တာနဲ့အညီ၊ Carbon ၊ Hydrogen ၊ Oxygen နဲ့ Nitrogen ဓာတ်တွေနဲ့ အဓိကဖွဲ့စည်းထားတာဖြစ်ပါတယ်။ Amino Acid အမျိုးအစားပေါင်း မြောက်များစွာရှိပေမယ့်၊ Protein မှာ ပါဝင်တဲ့ Amino Acid ကတော့ အမျိုး ၂ဝ ပဲရှိပါတယ်။

ဒါဆို အဲဒီ့ Amino Acid molecule ကရော ဘယ်လောက်ကြီးသလဲ။ အဲဒါကိုတော့ Dalton ယူနစ်နဲ့ တိုင်းတာပါတယ်။ အပေါ့ပါးဆုံး Atom ဖြစ်တဲ့ Hydrogen Atom ကို တစ်ယူနစ်အဖြစ် သတ်မှတ်ထားမယ်ဆိုရင်၊ Hydrogen ထက် လေးတဲ့ Atom အသီးသီးမှာ သူတို့ရဲ့ အလေးချိန် အသီးသီးရှိမှာပါ။ Amino Acid မှာပါဝင်တဲ့ Atom အားလုံးပေါင်း အလေးချိန်ကို တွက်လိုက်ရင် Amino Acid ရဲ့ အလေးချိန်ကို ရနိုင်ပါတယ်။ Amino Acid တွေက ပျမ်းမျှအားဖြင့် အလေးချိန် 110-140 Daltons ရှိပါတယ်။ Amino Acid တစ်ခုမှာ ပျမ်းမျှအားဖြင့် Atom အလုံးရေ ၂ဝလောက် ရှိပါတယ်။

အဲဒီ့ Amino Acid အမျိုးစုံကို တစ်ခုစီ ပုတီးသီသလို သွယ်တန်းလိုက်တဲ့အခါမှာတော့ အလုံး ၂ဝ-၃ဝ ထက် နည်းရင်၊ ပုတီးတိုရင် Peptide လို့ခေါ်ပြီး အဲဒီ့ထက် များတဲ့ Amino Acid တွေ ပါရင်တော့ Polypeptide လို့ခေါ်ပါတယ်။ Amino Acid ကို ပုတီးလို သွယ်တန်းရုံနဲ့လည်း မပြီးသေးပြန်ပါဘူး။ အဲဒီ့ Amino Acid ဆက်တန်းဟာ ခွေခေါက်ခြင်း ပုံသဏ္ဌာန် အမျိုးမျိုး ဆောင်ယူလေ့ ရှိကြတယ်။ Polypeptide အငယ်လေးတွေ အချင်းချင်း ချိတ်ဆက်လိုက်ရင်တော့ အမှန်တကယ် ခန္ဓာကိုယ်မှာ ဓာတ်ပြုမှုတွေ ပြုလုပ်နိုင်တဲ့ Protein တွေ ဖြစ်တည်နိုင်ကြပါတယ်။

Collagen က ဘယ်လို Protein မျိုးလဲ…

ဒီလောက်ဆိုရင်တော့ Protein အကြောင်း ပြောလို့ လုံလောက်ပြီထင်ပါတယ်။ Collagen ကိုယ်တိုင်ကတော့ အလွန်ကြီးမားတဲ့ Protein တစ်မျိုးပါ။ Collagen ရဲ့ အခြေခံ Polypeptide မှာ Amino Acid ၁ဝဝဝ ခန့် ပါရှိပါတယ်။ အဲဒီ့လို Polypeptide သုံးခုစီက ကျစ်ဆံမြီးကျစ်သလို ခွေလိမ်ပေါင်းစပ်ကြတယ်။ အဲဒီ့ Collagen ကျစ်ဆံမြီးတွေ အချင်းချင်း ထပ်မံ ချိတ်ဆက်တဲ့အခါ၊ Collagen အမျှင်နုလေးတွေ (Collagen Fibrils) ဖြစ်လာကြတယ်။ Collagen အမျှင်နုလေးတွေက ထပ်ဆင့် ချိတ်ဆက်ကြတဲ့အခါ Collagen အမျှင်ကြီးတွေ (Collagen Fibres) ဖြစ်လာကြတော့တယ်။ Collagen Fibres တွေကသာ ခန္ဓာကိုယ် အသားစတွေမှာ နောက်ဆုံးပိတ် တည်ရှိတဲ့ အဆင့်ဖြစ်ပါတယ်။

Collagen ဆေးတွေက ဘယ်လိုသုံးရမှာလဲ….

Collagen ဆေးတွေက အဓိကအားဖြင့် သောက်ဆေးနဲ့ လိမ်းဆေးဆိုပြီး ပုံစံနှစ်မျိုးနဲ့ လာပါတယ်။ သောက်ဆေးကတော့ Collagen နဲ့ Collagen ကို အထားခံအောင် သုံးတဲ့ ဆေးအချို့ ပါဝင်တဲ့ အရည်အသွင်နဲ့ ဖြစ်ပါတယ်။ Collagen လိမ်းဆေးတွေကတော့ cream တွေ၊ lotion တွေ၊ မျက်နှာဖုံးတွေ အနေနဲ့ တွေ့ရမှာပါ။ Collagen ဆေးတွေက Collagen သက်သက်လည်း ဖြစ်နိုင်သလို၊ အသားအရေလှဆေးတွေအနေနဲ့ တခြား Vitamin A, C, E စတာတွေလည်း ပါဝင်နိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ သောက်ဆေးနဲ့ လိမ်းဆေးတွေရဲ့ အကျိုးအာနိသင်က ဘယ်လိုရှိမလဲဆိုတာကို ဆွေးနွေးသွားချင်ပါတယ်။

လိမ်းဆေး ဖြတ်သန်းရမယ့် အတားအဆီး…

လိမ်းဆေးတွေအကြောင်း မပြောခင် ကျွန်တော်တို့ရဲ့ အရေပြား ဖွဲ့စည်းပုံနဲ့ နည်းနည်း မိတ်ဆက်ပေးချင်ပါတယ်။ အရေပြားမှာ အပေါ်ယံအရေပြား (Epidermis) နဲ့ အရေပြား (Dermis) ဆိုပြီး ရှိပါတယ်။ အပေါ်ယံအရေပြားက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ အမှန်တကယ် ကာကွယ်ပေးနေတဲ့ အလွှာပါ။ အဲဒီ့အလွှာမှာ ချပ်ပြားပုံသဏ္ဌာန်ရှိတဲ့ Cell တွေက တစ်ခုနဲ့တစ်ခုကို စေ့နေအောင် ကပ်ထားတဲ့ အလွှာတွေအနေနဲ့ အထပ်ထပ် ဖြစ်တည်နေကြပါတယ်။ အောက်ဆုံးအလွှာက Cell တွေက လေးထောင့်ပုံရှိတယ်။ သူတို့က အဆက်မပြတ် ပွားနေတာကြောင့် နဂို အောက်အလွှာက Cell တွေက အပေါ်အလွှာတွေဆီ ရောက်လာတယ်။ အပေါ်အလွှာတွေကို ရောက်လေ ပိုရင့်ကျက်လာလေဖြစ်ပြီး ချပ်ပြားပုံ တဖြည်းဖြည်း ပြောင်းသွားကြတယ်။

အပေါ်ဖက်ဆုံး အလွှာတွေရောက်တဲ့အခါ Keratin ခေါ်တဲ့ အကြမ်းခံ Protein တွေ စစ်ထုတ်ရင်း သူတို့ကိုယ်တိုင် သေဆုံးသွားကြတော့တယ်။ အရေပြားရဲ့ အပေါ်ဆုံးအလွှာကတော့ Keratin နဲ့ အရေပြား Cell အသေတွေနဲ့ ဖွဲ့စည်းထားပြီး၊ အကြမ်းပတမ်းဒဏ်၊ pH ပြောင်းလဲမှုဒဏ် စတာတွေကို ခုခံနိုင်စွမ်းရှိပါတယ်။ အဲဒီ့ အပေါ်ယံအရေပြားအောက်မှာတော့ Dermis ခေါ်တဲ့ အရေပြားအလွှာရှိပါတယ်။ ဒီအလွှာက များစွာ ထူပြီး ဆံချည်မျှင်သွေးကြောတွေနဲ့ ယှက်ဖြာနေတယ်။ အပေါ်ယံအရေပြားကလည်း Dermis ဖက်က သွေးကြောတွေကနေ အာဟာရ ယူရပါတယ်။

Dermis မှာ ကျွန်တော်တို့ ပြောနေတဲ့ Collagen Protein အမျှင်တွေ ရှိတာပေါ့။ Collagen ရဲ့ ကျုံ့ဆန့်နိုင်တဲ့ သတ္တိကြောင့် အရေပြားကို ဆွဲလိုက်ရင် ဆန့်သွားပြီး၊ ဒီအတိုင်းထားလိုက်ရင် ခပ်တင်းတင်းလေး ဖြစ်နေတာပါပဲ။ Collagen မျှင်တွေကြားမှာ ညပ်နေတဲ့အရာတွေကတော့ ချွေးဂလင်းတွေ၊ အဆီဂလင်းတွေ၊ အမွေးအိတ်နဲ့ အမွေးရိုးတံတွေပါပဲ။

ပထမအဆင့်အနေနဲ့ လိမ်းဆေးထဲက Collagen molecule တွေက Dermis ထဲကို ရောက်သွားရပါမယ်။ ဒီလိုရောက်သွားဖို့အတွက် Dermis အပေါ်က Epidermis ကို ဖြတ်သွားရမှာပါ။ Epidermis ကို ဖြတ်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး။ Keratin နဲ့ Cell အသေတွေပဲ ရှိတဲ့ အပေါ်ဆုံးအလွှာကို ဖြတ်ပြီးရင် Cell အနားသတ် အချင်းချင်း တင်းကျပ်စွာ စေ့ထားတဲ့ အရေပြား Cell အလွှာများစွာကို ဖြတ်သန်းပြီးမှ အောက်က Dermis ဆီ ရောက်မှာပါ။

500 Dalton စည်းမျဉ်း…

ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ Molecule ရဲ့ အရွယ်အစား သေးငယ်ဖို့ လိုပါတယ်။ Dalton ယူနစ်နဲ့ ပြောရရင် 500 Dalton ထက် ကြီးလို့မရပါဘူး။ ဒီသဘာဝကို 500 Dalton စည်းမျဉ်း (500-Daltons Rule) လို့ခေါ်ပါတယ်။ 500-Daltons Rule ကို ထောက်ပံ့ပေးနေတာကတော့၊ အရေပြားကို ယားယံစေတဲ့ ဓာတ်ပစ္စည်းအားလုံးဟာ 500 Dalton ထက် သေးကြတယ်။ အရေပြားမှာ လိမ်းတဲ့ အသိအမှတ်ပြု ဆေးဝါးအားလုံးက 500 Dalton ထက် သေးကြတယ်ဆိုတာပဲ။ အကိုက်အခဲပျောက် လိမ်းဆေးတွေနဲ့ ဥပမာပေးရရင်၊ Methyl Salicylate က 152 Dalton ခန့်သာ ရှိပါတယ်။ Diclofenac လို အဆစ်အမြစ်တွေ အရောင်ကျစေတဲ့ ဆေးဆိုရင်တော့ 250 Dalton ခန့်သာ ရှိပါတယ်။

ကျွန်တော်တို့ Collagen ဆေးတွေထဲက Collagen တွေက ဘယ်လောက် Dalton ရှိမယ်ထင်သလဲ။ အများအားဖြင့် အဲဒီ့ Collagen တွေက 15000 ကနေ 50,000 Daltons အထိ ကြီးမားကြပါတယ်ခင်ဗျာ။ တချို့ဆေးတွေကတော့ Collagen အသေးစားတွေ နဲ့ ထုတ်လုပ်ထားလို့ အရေပြားမှာ ပိုစိမ့်ဝင်စေပြီး ဆေးအာနိသင် ပိုထိရောက်တယ်လို့ ကြော်ငြာကြတယ်။ အသေးဆုံးဆိုတဲ့ Collagen တွေတောင်မှ Dalton 2000 ရှိနေပါသေးတယ်။ အဲတော့ 500 Daltons Rule အရ အပေါ်ယံအရေပြားကို ဖောက်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တော့ ဈေးရောင်းကောင်းအောင် ကြော်ငြာတာ သက်သက်ဖြစ်ပြီး Collagen တွေက အရေပြားအပေါ်မှာပဲ အပုံလိုက်ကျန်နေခဲ့မှာပါ။

အဲဒီ့ အပုံလိုက်ကျန်ခဲ့တဲ့ Collagen က ဘာလုပ်ပေးမလဲ။ ကဲ… သူကတော့ အရေပြားပေါ်မှာ ရေဓာတ်ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့် မွိုက်စထာရိုက်ဇာ (Moisturizer) ခေါ်တဲ့ ရေဓာတ်ထိန်း ဓာတ်ပစ္စည်းအတွက် ဈေးကြီးတဲ့ Collagen သုံးမယ့်အစား၊ Glycerin လို ဈေးသက်သာပြီး ပိုထိရောက်တဲ့ လိမ်းဆေးမျိုးကိုပဲ အသုံးပြုတော့မှာပေါ့။

အရေပြားမှာ စုပုံတဲ့ Collagen တွေက အရေပြားထဲက မညီညာတဲ့ ချိုင့်ခွက်တွေကို ဖြည့်ပေးလိုက်လို့ အရေပြားက အနည်းငယ် ချောမွတ်သွားသယောင် ရှိပါတယ်။ အမှန်တော့ ဒီနည်းမျိုးကို Collagen ဆေးမဟုတ်တဲ့ တခြား Peptide အသေးစားတွေနဲ့ လုပ်တဲ့ လိမ်းဆေးတွေမှာလည်း အသုံးပြုထားပါတယ်။ ပြီးတော့ ဒါက မိတ်ကပ်တစ်ခုလို ယာယီအာနိသင်တစ်ခုပါ။ မျက်နှာသစ် ရေချိုးလိုက်တာနဲ့ လိမ်းထားတဲ့ Collagen တွေ ပြန်ကွာကျပြီး ချောမွတ်သမျှတွေ ရေထဲပြန်ပါသွားမှာပါပဲ။

ကဲ…. Collagen တွေက အပေါ်ယံအရေပြားကို ဖြတ်လာနိုင်တယ်ပဲ ထားပါဦး ဘယ်လိုဆက်ဖြစ်မလဲ။ Collagen က Dermis ထဲရောက်တာနဲ့ မပြီးသေးပါဘူး။ Dermis ထဲက Collagen က ဒီအတိုင်း လွင့်မျောနေတဲ့ Collagen အမျှင်တွေ မဟုတ်ပါဘူး။ အမှန်တော့ Collagen က Dermis ထဲမှာ သူ့ထက် ပိုခန့်ညားတဲ့ တွဲဆက်တစ်ရှုး (Connective Tissue) ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒီ Collagen အမျှင်တွေက ခြင်းတစ်လုံးကို ရက်ထားသလို ယှက်ဖြာဖွဲ့စည်းထားတာပါ။ တွဲဆက်တစ်ရှုးထဲက Collagen အမျှင်တွေကြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးတဲ့ Hyaluronic Acid လို ဓာတ်ပစ္စည်းတွေ၊ တခြား ကျုံ့ဆန့်နိုင်တဲ့ Protein အမျှင်တွေနဲ့ စနစ်တကျ တည်ဆောက်ထားတာပါ။ ပြီးတော့ အထက်မှာပြောခဲ့သလို၊ Collagen က အမျှင်နုတွေ၊ အမျှင်ကြီးတွေအဖြစ် အဆင့်ဆင့် ဖွဲ့စည်းထားသေးတာပါ။ Connective Tissue ရဲ့ ဓာတ်ပစ္စည်း အမျိုးမျိုး ပေါင်းစပ်ဖွဲ့စည်းမှုကြောင့်သာ၊ အရေပြားက တင်းရင်းခြင်းနဲ့ ကျုံ့ဆန့်နိုင်ခြင်းလို ဂုဏ်သတ္တိတွေ ရလာခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Collagen အမျှင်လေးတွေ ထည့်ပေးလိုက်ရုံနဲ့ အရေပြားရဲ့ Collagen ဓာတ်တွေကို ဖြည့်ဆည်းပေးရာ မရောက်ပါဘူး။ မြင်လွယ်အောင်ပြောရရင် အင်္ကျီ တစ်ထည် ပေါက်နေတာကို အပ်ချည်မျှင်လေးတွေ ဖြူးလိုက်ရုံနဲ့ ဖာထေးပြီးသား ဖြစ်မသွားသလိုမျိုးနဲ့ သဏ္ဌာန်တူပါတယ်။

သောက်ဆေးတွေကော…

လိမ်းဆေးတွေကတော့ အမှန်တကယ် မထိရောက်ဘူး ဟုတ်ပါပြီ။ ဒါဆို သောက်ဆေးတွေကရော။ Collagen သောက်ဆေးတွေ သောက်နေသူများကတော့ လိမ်းဆေးတွေ မသုံးမိလို့ ပျော်နေမိမှာပဲ… ဒါပေမယ့် မဟုတ်သေးပါဘူး။ သောက်ဆေးကလည်း လိမ်းဆေးနည်းတူ အာနိသင်မရှိပါဘူး။ Collagen ကို ပါးစပ်ကနေ သောက်လိုက်ပြီဆိုရင် ဒီဆေးက အစာအိမ်ထဲကို ရောက်သွားမှာပါ။ အစာအိမ်ထဲရောက်တာနဲ့ အစာအိမ်က pH 1 အထိ ပြင်းထန်တဲ့ Hydrochloric Acid (HCl) ကို စစ်ထုတ်ပေးပါတယ်။ အစာထဲမှာပါတဲ့ Protein တွေက အမှန်တကယ် အလုပ်လုပ်နိုင်တဲ့ Protein တွေဖြစ်ပြီး၊ အဆင့်ဆင့် ခွေခေါက်ထားတဲ့ တည်ဆောက်ပုံတွေ ရှိကြပါတယ်။ HCl အက်ဆစ်က အဲဒီ့ စနစ်တကျ ခွေလိမ်ထားတဲ့ Protein တွေကို Amino Acid ဆက်တန်း (Peptide) တွေအဖြစ် ဖြည်ထုတ်ပေးပါတယ်။

ပြီးနောက် အစာအိမ်ကနေ Pepsin protein ကို စစ်ထုတ်ပေးတယ်။ Pepsin ကတော့ pH 1 မှာ ပြေထွက်မသွားပါဘူး။ အမှန်တော့၊ သူက အက်ဆစ် pH မှာမှ တက်ကြွတဲ့ Protein ပါ။ Acid က ဖြည်ထုတ်ထားတဲ့ Protein တွေကို အနည်းငယ်စီ ဖြတ်တောက်ပေးတယ်။ အဲဒီ့ ခုတ်ဖြတ်ထားတဲ့ Peptide အပြတ်အစတွေက အူသိမ်ထဲရောက်တဲ့အခါမှာတော့၊ Amino Acid တစ်လုံးချင်းစီအဖြစ် အဆုံးတိုင် စိတ်ပိုင်းပစ်လိုက်တော့တယ်။ ပြီးတော့မှ အဲဒီ့ Amino Acid တစ်ခုစီကို အူက စုပ်ယူတာပါ။ အသားထဲမှာ Protein အမျိုး တစ်သိန်းကျော်ပါလာလိမ့်မယ်။ ဗိုက်ထဲရောက်သွားရင်တော့၊ အဲဒီ့ Protein တွေအားလုံးက Amino Acid အမျိုး ၂ဝပါတဲ့ ကြက်ပြုတ်ရည်လို အရည်မျိုးပဲ ဖြစ်သွားပါလိမ့်မယ်။

Collagen ဆိုပြီးသန့်စင်ထားတဲ့ ဆေးတွေကလည်း Protein ဖြစ်တဲ့အလျောက်၊ Amino Acid တွေအဖြစ် အလုံးစုံ ကျေပျက်သွားမှာပါပဲ။ အမှန်တော့ သောက်ဆေးက လိမ်းဆေးလို ရေဓာတ်ထိန်းတာတို့၊ ချိုင့်ခွက်ဖြည့်တာတို့လို အကျိုးမျိုးတောင် မရနိုင်ပါဘူး။ Amino Acid တွေ စားချင်ရင်တော့ Collagen ဆေးဝယ်သောက်မှ မဟုတ်ပါဘူး။ အသားငါးနဲ့ ပဲအမျိုးမျိုးစားရင် ပြည့်ဝစွာ ရရှိနိုင်ပါတယ်။ Collagen ကို စားချင်သပါ့ဆိုရင်တော့ Hydrolyzed Collagen ဆိုတာကို ဈေးသက်သက်သာသာနဲ့ ဝယ်စားလို့ရပါတယ်။ Hydrolyzed Collagen ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ Collagen ကို Hydrolysis ခေါ်တဲ့ ရေနဲ့ဓာတ်ပြုဖြိုခွဲနည်းအားဖြင့် ရရှိလာတဲ့ ဒြပ်ပေါင်းဖြစ်ပြီး Gelatin လို့လဲခေါ်ပါတယ်။ Hydrolyzed Collagen သို့မဟုတ် Gelatin ကို စားချင်ရင်တော့ ဂျယ်လီအချိုလေးတွေ ဝယ်စားလို့ရပါတယ်။ ဒါကြောင့်လည်း ဂျယ်လီထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Collagen အားဆေးတွေကိုလည်း ထုတ်လုပ်လေ့ရှိကြတာပါ။ ထုတ်လုပ်နည်းတွေက ဆက်နွယ်နေတာကိုး။

အကြောထိုးဆေးက ဖြစ်နိုင်မလား…

Collagen အားဆေးတွေက ဒီမှာတင် ရပ်မသွားပါဘူး။ လိမ်းဆေးနဲ့ သောက်ဆေးအပြင် အကြောထိုးဆေးတောင် ရှိလိုက်ပါသေးတယ်။ အဲဒီ့ အကြောထိုးဆေးတွေကတော့ သက်သက် အလိမ်အညာတွေပါ။ အကြောင်းကတော့ Collagen ကို အကြောထိုးဆေးအဖြစ် သုံးရင် သေတတ်ပါတယ်။ Collagen ဟာ သွေးနဲ့ မထိတွေ့ကောင်းတဲ့အရာပါ။ ခန္ဓာကိုယ်ရဲ့ ပုံမှန်လည်ပတ်နေမှုကို ကြည့်ရင် သွေးကြောတစ်ခုခု ပေါက်သွားတယ် ဆိုပါစို့။ သွေးကြောပေါက်သွားရင် သွေးကြောနံရံပေါ်က Collagen နဲ့ သွေးထဲက တခြား Protein တွေ ထိတွေ့ဓာတ်ပြုကြပြီး၊ သွေးခဲတွေ ဖြစ်တည်နိုင်ပါတယ်။ Collagen ကို သွေးကြောထဲ အလုံးအရင်းလိုက် ထည့်လိုက်ရင် ဘာဖြစ်မလဲ စဉ်းစားသာ ကြည့်ပါတော့။ ခန္ဓာကိုယ်အနှံ့မှာ သွေးခဲတွေဖြစ်တည်လိမ့်မယ်။ ပြီးရင် သွေးခဲပစ္စည်းတွေ ပြုန်းတီးကုန်ပြီး သွေးလွန်မှုတွေ ဆက်တိုက်ဖြစ်ပြီး အသက်ဆုံးရှုံးသွားမှာပါ။ ဒါကြောင့် အကြောထိုးဆေးကတော့ Collagen တောင် ပါနိုင်စရာ အကြောင်းမရှိပါဘူးခင်ဗျာ။

အစားအသောက်နဲ့ ဆေးဝါးဌာနက အသိအမှတ် ပြုထားပါတယ်…

နိုင်ငံအသီးသီးမှာ အစားအသောက်နဲ့ ဆေးဝါးတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး ညီညွတ်မှုအတွက် စုံစမ်းရေးဌာနတွေ ထားရှိပါတယ်။ Collagen အားဆေးတွေကို ဆေးဝါးစုံစမ်းရေးဌာနတွေက အသိအမှတ်ပြုထားတယ်ဆိုတိုင်း၊ ဒီဆေးတွေက ကြော်ငြာတွေထဲကအတိုင်း အာနိသင်ရှိမယ်လို့ မဆိုလိုပါဘူး။ ဆေးဝါးစုံစမ်းရေးဌာနက ဆေးဝါးသို့မဟုတ် အစားအသောက်တစ်ခုခုရဲ့ လူ့ကျန်းမာရေးအပေါ် လုံခြုံမှုရှိကြောင်းကိုပဲ အသိအမှတ်ပြုပေးတာပါ။ ဒါကိုပဲ ဆေးဝါးစုံစမ်းဌာနက အသိအမှတ်ပြုတယ်ဆိုပြီး ကြော်ငြာခြင်းဖြင့် ပိုရောင်းကောင်းအောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဆေးဝါးတွေရဲ့ အာနိသင်အတွက်ကတော့၊ နာမည်ရ သုတေသနအဖွဲ့ တစ်စုံတစ်ခုရဲ့ အသိအမှတ်ပြုမှုကို ရယူရမှာပါ။ Collagen အားဆေး အာနိသင်အတွက် ခိုင်လုံတဲ့ သုတေသန အသိအမှတ်ပြုမှုတွေ မရှိကြပါဘူး။ ဒါဆိုရင်တော့ Collagen ဆေးတွေက အသားမျှင် Protein တွေသာဖြစ်လို့ ကျန်းမာရေးအရ လုံခြုံစိတ်ချရပါတယ်။ အကျိုးအာနိသင် မရှိတာပဲ ရှိတာပါ။

Collagen မသုံးပဲ အသားအရေလှအောင် ဘာလုပ်ကြမလဲ

Collagen ကြောင့် အသားအရေလှတာ မှန်ပေမယ့် သံဓာတ်အားနည်းရင် သံဓာတ်ကို သောက်လို့ရသလိုမျိုး၊ Collagen ကိုတော့ သောက်သုံးလို့မရပါဘူး။ Protein ဖြစ်နေတဲ့အတွက် ကိုယ်ထဲရောက်ရင် Amino Acid တွေအဖြစ်နဲ့ပဲ ရောက်သွားမှာကြောင့်ပါ။ ဒါပေမယ့် အသားအရေ လှချင်သူတွေအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာတော့ ရှိပါတယ်။ ဒါကတော့ အရေပြားကျန်းမာအောင် Vitamin အားဆေးတွေက ကူညီပေးနိုင်တယ်ဆိုတာပါပဲ။

Vitamin C ဆိုရင် ခန္ဓာကိုယ်က Collagen ကို ကိုယ်တိုင် တည်ဆောက်နိုင်အောင် အားပေးပါတယ်။ အာနိသင်မရှိပဲ ဈေးကြီးတဲ့ လိမ်းဆေးတွေ လိမ်းမယ့်အစား၊ ရှောက်မျိုးနွယ် အသီးမျိုးစုံ စားပေးရင်၊ Vitamin C အားဆေး ပုံမှန်သောက်ပေးရင် အသားအရေ လှလာပါလိမ့်မယ်။ အမှန်တော့ Collagen က အသားအရေ လှဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ အနာတွေ ကျက်တာ မြန်တယ်။ Vitamin C မရှိရင် Collagen တွေ မဖွဲ့စည်းနိုင်တာကြောင့် သွေးကြောနံရံတွေ ပါးပြီး ပါးစပ်ထဲမှာဆိုရင် သွေးယိုနိုင်တယ်။ သွားတိုက်ရင် သွားဖုံးသွေးယိုတာမျိုးတွေကနေ စပြီး ရေစီးကမ်းပြိုရောဂါတွေအထိ ဖြစ်နိုင်တယ်။ အရိုးနဲ့ အရိုးနုတွေမှာလည်း Collagen က မရှိမဖြစ်ပါဝင်ပါတယ်။ အရိုးမှာ Calcium ဓာတ်သတ္တုက အရိုးရဲ့ ခိုင်မာမှုကို ပေးစွမ်းပေမယ့် Collagen ကြောင့်သာ အရိုးက မညီမျှတဲ့ ကွေးညွတ်အားတွေကို ခံနိုင်စွမ်းရှိတာပါ။ Collagen မရှိရင် အရိုးက မြေဖြူခဲလို ကျိုးသွားမှာပါပဲ။ အသားအရေ လှစေတဲ့ နောက် Vitamin ကတော့ Vitamin A ပဲဖြစ်ပါတယ်။ Vitamin A ကို မုန်လာဥနီနဲ့ ခရမ်းချဉ်သီးလို အနီရောင်ရှိတဲ့ သစ်သီးသစ်ဥတွေမှာ အဓိက တွေ့ရပါတယ်။ အပေါ်ယံအရေပြားလွှာမှာ အရေပြား Cell တွေက သူ့အလွှာနဲ့သူ စနစ်တကျရှိနေအောင်နဲ့ ညီညွတ်ပြေပြစ်အောင် Vitamin A က ဆောင်ရွက်ပေးပါတယ်။ Vitamin A မှီဝဲခြင်းအားဖြင့် အသားအရေ ချောမွတ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

Collagen နည်းတူ Protein အသားဓာတ်တွေ ပြည့်ဝစေဖို့ အသားငါးနဲ့ ပဲအမျိုးမျိုးကို နေ့စဉ် တစ်မျိုးမဟုတ် တစ်မျိုး မှီဝဲပေးဖို့လိုပါတယ်။ အသားဓာတ်ကြွယ်ဝတဲ့ အာဟာရနဲ့ Vitamin တွေ ပေါင်းစပ်လိုက်ရင် အသားအရေ ချောမွတ်စိုပြေ လာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုနဲ့ ပေါင်းစပ်မယ်ဆိုရင်တော့ အသက် ၄ဝကျော်အရွယ်တွေအတွက်လည်း အရွယ်တင်နုပျိုစေမှာပါပဲ။ အထက်မှာပြောခဲ့တဲ့နည်းတွေက အမှန်တကယ် ထိရောက်တဲ့ နည်းတွေဖြစ်ပြီး၊ Collagen ထက် ဈေးသက်သာစွာ မှီဝဲနိုင်တဲ့ ဆေးတွေဖြစ်ကြောင်း ပြောရင်းနဲ့ ကျွန်တော့်ဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။

No comments:

Post a Comment