Saturday, 12 March 2016

BPH ဆီးကျိတ်ကြီးခြင်း

ကျွန်တော် ဆရာဝန်ဖြစ်ကာစ မြို့သာမှာတာဝန်ကျတယ်။ အသက်က ၂၅။ အတွေ့အကြုံက နည်းသလားမမေးနဲ့။ မန္တလေးဆေးရုံကြီးကနေ ဆီးမသွားနိုင်လို့ ဆီးပိုက်တန်းလန်းထည့်ထားရတဲ့ ဆရာတော်တပါး ဆေးရုံကဆင်းအလာ ကျွန်တော့် တိုက်နယ်ဆေးရုံရှိတဲ့ရွာမှာ တညတာနားတော့ ဆီးပိုက်ကကျွတ်ထွက်သွားလို့ သွားကြည့်ပေးရပါတယ်။ Foley’s catheter ခေါ်တဲ့ဆီးပိုက်က ထိပ်ဝနားမှာ အရည်သွင်းစရာဘူဘောင်းလေးပါတော့ ဆီးပိုက်ကို ထည့်ထားရင် ကျွတ်မထွက်ပါ။ ဒါပေမယ့် အဲဒီအရည်ကကြာတော့ နည်းနည်းလာရာကနေ ဆီးပိုက်ကကျွတ်ထွက်တာပါ။ (မဆလ) ခေတ်မှာ ပါတီဝင်ကလွဲရင် အကုန်ရှားတယ်။ ဆေးဆိုတာ ဝယ်ရခက်တယ်။ ဒါနဲ့ ဆီးပိုက်အသစ်မရသေးခင် ပိုက်ပြန်မထည့်ပဲ စောင့်ကြည့်ဘို့ မတတ်တတတ်ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဟန်ကိုယ့်ဘို့လည်းပါတာပေါ့။ ဆရာတော့်ကံ၊ ကျွန်တော့်ကံကောင်းကြတော့ ဆီးပိုက်ပြန်မထည့်ရပဲ ဆရာတော်ဆီးသွားနိုင်ပါတော့တယ်။ တောဆရာဝန်လေးဟာ နာမည်ကို ဝယ်မယူရပဲကြီးသွားပါတယ်။

ယောက်ျားတိုင်းမှာ ဆီးအိမ်အောက်နားမှာ ကပ်နေတဲ့ Prostate Gland ဆီးကျိတ်ရှိတယ်။ မျိုးပွါးစနစ်ရဲ့အစိတ်အပိုင်း ဖြစ်တယ်။ သူ့ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားနေတယ်။ ယောက်ျားဆီးကျိတ်ဟာ သစ်ကြားသီးအရွယ်လောက်ရှိတယ်။ (၇-၁၆ = ၁၁) ဂရမ်လေးတယ်။ အသက်ရလာသူ အတော်များများမှာ ကြီးလာတာကို Benign Prostatic Hyperplasia (BPH) ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းလို့ခေါ်တယ်။ ကြီးလာတိုင်းလဲ ခံစားရတာမရှိပါ။ တခုခုဖြစ်လာရင် အသက် ၄ဝ ကျော်မှသာဖြစ်တယ်။ ၆ဝ ကျော်တာက ၉ဝ% ရှိတယ်။ သူကကြီးလာလို့ သူ့အထဲက ဖြတ်သွားတဲ့ ဆီးသွားပြွန်က ကျဉ်းလာလို့ ဆီးသွားရတာခက်ခက်လာမယ်။ ခဏခဏသွားချင်လာမယ်။ ကြာတော့ ဆီးအိမ်က အားနည်းလာမယ်။ တချိန်မှာ သွားမရတဲ့အထိဖြစ်နိုင်တယ်။

ဆီးကျိတ်ဟာ တာဝန် ၂ မျိုးနဲ့ဆိုင်တယ်။ ဆီးသွားတာရော လိင်ပိုင်းဆိုင်တာရောဖြစ်တယ်။ ဘာလို့ကြီးလာသလဲ တိတိကျကျအပြစ်ချစရာမရှိပါ၊ မသိပါ။ သူကနေ ‘တက်စတိုစတီရုန်း’ ခေါ်တဲ့ ကျားဟော်မုန်း နဲ့ ‘အီစထိုဂျင်’ ခေါ်တဲ့ မ ဟော်မုန်း (နည်းနည်း) ထုတ်ပေးနေတယ်။ အသက်ရလာရင် ကျားဟော်မုန်းထုတ်တာ နည်းလာတယ်။ အချိုးချလိုက်ရင် မ ဟော်မုန်းက များလာသလိုဖြစ်လာတယ်။ ဒါကြောင့် အသက်ကြီးယောက်ျား ရင်သားထွက်လာကြတာဖြစ်တယ်။

ခံစားလာရနိုင်တာတွေကတော့ ဆီးသွားရတာ အားမရ၊ ပြတ်တောင်းပြတ်တောင်းဖြစ်၊ ပန်းမထွက်နိုင်။ သွားချင်ရင် မြန်မြန်သွားရမယ်။ တစက်တစက် ထွက်နိုင်တယ်။ ညအချိန်မှာ ထထသွားရမယ်။ အရွယ်အစားကြီးတာနဲ့ ခံစားရတာ အချိုးမကျတတ်ပါ။ သိပ်မကြီးလှပေမဲ့ ဆီးရုတ်တရက်မသွားနိုင်တဲ့ အရေးပေါ်အခြေအနေရောက်တတ်တယ်။ အအေးမိပျောက်ဆေး၊ အာဂျီပျောက်ဆေး သောက်ရာကနေ ဆက်ဖြစ်တယ်။ အရက်သောက်ရာကနေလဲဖြစ်နိုင်တယ်။ အိပ်ယာထဲမှာ မလှုပ်မရှား နေတာကြာလို့လဲ ဖြစ်နိုင်တယ်။ သူကြီးလာရင် ဆီးလမ်းပိုးတာလဲ ပိုဖြစ်လာနိုင်တယ်။

ရောဂါရှိ-မရှိသိအောင်
၁။ Digital Rectal Examination (DRE) အစိုလမ်းကနေ လက်ချောင်းနဲ့စမ်းသပ်တာ၊
၂။ Prostate-Specific Antigen (PSA) Blood Test သွေးစစ်တာ၊ ကင်ဆာမဟုတ်တာသိချင်လို့လုပ်ရတာဖြစ်တယ်။
၃။ Rectal Ultrasound အာလ်ထွာဆောင်းနဲ့
၎။ Prostate Biopsy အသားစဖြတ်ယူစစ်ဆေးခြင်းတွေလုပ်နိုင်တယ်။
၅။ Urine Flow Study နဲ့
၆။ Cystoscopy နည်းတွေလဲလုပ်နိုင်တယ်။

ကုသဘို့ဆိုတာ လူတိုင်းမလိုပါ။ ပိုးဝင်နေတိုင်းတော့ ပိုးသေဆေးပေးမယ်။
• ဆေးပေးနည်း
Finasteride (Proscar) နဲ့ Dutasteride (Avodart) ဆေးတွေကို စသုံးခဲ့တယ်။ Terazosin (Hytrin) နဲ့ Doxazosin (Cardura) အပြင် Tamsulosin (Flomax) ဆေးတွေလဲ သုံးလာနိုင်ပြီ။ Alfuzosin (Uroxatral) ဆေးက နောက်ဆုံး အသိအမှတ်ပြုတဲ့ဆေးဖြစ်တယ်။

တခြားနည်းတွေ -
• Minimally Invasive Therapy
• Transurethral microwave procedures
• Transurethral needle ablation
• Water-induced thermotherapy
• High-intensity focused ultrasound
• Surgical Treatment ခွဲစိတ်ကုသနည်း
- Transurethral surgery ကိရိယာထည့်ပြီးခွဲစိတ်ကုသနည်း၊
- Transurethral incision of the prostate (TUIP)
- Open surgery သမားရိုကျခွဲစိတ်ကုသနည်း၊
- Laser surgery လေဆာဖြင့်ခွဲနည်း၊
- Photoselective vaporization of the prostate (PVP)
- Interstitial laser coagulation လေဆာနည်းတမျိုး၊
• Foley Catheter ဆီးပိုက်ထည့်ထားပေးထားနည်း၊
• Prostatic Stents စတန့်ထည့်ပေးနည်း။

ခွဲစိတ်ကုသပြီးပေမယ့် အခက်အခဲတချို့ရှိနိုင်သေးတယ်။ လိင်ကိစ္စအားနည်းတာ တချို့မှာဖြစ်တယ်။ ခွဲပြီးစဖြစ်ပေမဲ့ ကြာရင် ကောင်းလာတာလည်းရှိတယ်။ လိင်တံသန်မာမှု အားနည်းတတ်တယ်။ သုက်လွှတ်အားနည်း နိုင်သေးတယ်။ လိင်ဆန္ဒပြည့်ဝမှုကိုလည်း နည်းစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment