Monday 29 February 2016

ဘတ်တီးရီးယား – ‘အံ့ဖွယ်ရာအဏုဇီဝများ’

ဘတ်တီးရီးယား (Bacteria) တွေကို လူမှာ ကူးစက်ရောဂါဖြစ်စေတဲ့ အဏုဇီဝပိုးမွှားတွေ အနေနဲ့ လူသိများကြပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပညာပေးမှုတွေမှာ ဒီပိုးမွှားသက်ရှိတွေအကြောင်းကို နာမည်တပ်ပြီး မိတ်ဆက် ပေးလေ့ရှိပါတယ်။ ယခုဆောင်းပါးမှာတော့ မိတ်ဆွေတို့နဲ့အတူ Bacteria တွေအကြောင်းကို ပိုပြီး အကျယ်တဝင့် ဆွေးနွေးလေ့လာချင်ပါတယ်။

Bacteria အားလုံးကို အဏုဇီဝလို့ ခေါ်ပေမယ့်၊ အဏုဇီဝတိုင်းက Bacteria တော့ မဟုတ်ပါဘူး။ ဆိုလိုတာက အဏုဇီဝ ဆိုတာ Bacteria ကို မြန်မာမှုပြုထားတဲ့ ဝေါဟာရ မဟုတ်တာပါ။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံး Bacteria ဆိုတဲ့ စကားလုံးကို ပြန်ပြီး နောက်ကြောင်းလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်တင်စကားလုံးဖြစ်တဲ့ Bacteria အတွက် မြန်မာမှုပြုထားတဲ့ ဝေါဟာရမရှိတာကြောင့်၊ Bacteria ကို မြန်မာလို အသံဖလှယ်ပြီး ဘတ်တီးရီးယားလို့ ရေးသားကြပါတယ်။ ဒီလို ဘတ်တီးရီးယားလို့ အလွယ်ခေါ်ကြပေမယ့်၊ လက်တင်ဘာသာစကား မှာတော့ Bacterium က တစ်ခုကိန်းနာမ် ဖြစ်ပြီး၊ Bacteria က အများကိန်းနာမ်ဖြစ်နေပါတယ်။ Bacteria များလို့ ရေးသားလိုက်တော့၊ Bacterium များ များ လို့ အဓိပ္ပာယ်ဖြစ်နေမှာပေါ့။ သို့ပေမယ့် ‘Bacterium’ ထက်၊ ‘Bacteria’ ကို နားယဉ်နေကြတာကြောင့် မြန်မာမှုပြုတဲ့ စာရေးသူများကလည်း ‘Bacteria’ လို့ပဲ ရေးသားလေ့ရှိကြတယ်။ တစ်ခုကိန်းဖြစ်စေ၊ အများကိန်းဖြစ်စေ၊ ‘Bacteria’ ကိုပဲ ယူသုံးဖြစ်ကြပါတယ်။ ဒီတော့ ကျွန်တော့်ဆောင်းပါးမှာလည်း၊ Bacterium ဖြစ်စေ၊ Bacteria (ဘတ်တီရီယမ်များ) ဖြစ်စေ၊ ‘Bacteria’ လို့ပဲ အသုံးပြုသွားမှာပါ။
တဖန် Bacterium ဆိုတဲ့ လက်တင်စကားလုံးကိုယ်တိုင်ကတော့ Bakterion (βακτήριον) ဆိုတဲ့ဂရိစကားလုံးကနေ ယူသုံးထားတာပါ။ တုတ်ချောင်း (Rod) လို့ အနက်အဓိပ္ပာယ် ရပါတယ်။ Bacteria ကို ပထမဆုံး စတွေ့ခဲ့ချိန်မှာတုန်းက တုတ်ချောင်းပုံ Bacteria လေးတွေကို စတွေ့ခဲ့လို့ပါ။ အမှန်တော့၊ Bacteria က တုတ်ချောင်းပုံ သက်သက်မဟုတ်ပဲ၊ စက်လုံးပုံ၊ ကြောင်လိမ်လှေကားပုံ စသည်ဖြင့် အခြားပုံသဏ္ဌာန်တွေ ရှိပါသေးတယ်။

သဘာဝလောကထဲမှာဆိုရင် သက်ရှိမျိုးနွယ်တွေက အစဉ်အမြဲပြောင်းလဲ ဖြစ်ပျက်လျက်ရှိပြီး၊ မျိုးနွယ်အဟောင်းကနေ နောက်ထပ် မျိုးနွယ်အသစ်တွေက အခက်အလက်တွေ သဖွယ် အဆင့်ဆင့် ထပ်ပြီးခွဲထွက်နေကြပါတယ်။ ဇီဝမိသားစုသစ်ပင်ကြီး (Tree of Life) မှာ ဆိုရင် Bacteria တွေက ဘယ်နေရာလောက်မှာ ရှိနေမလဲ။ အဏုဇီဝနဲ့ အဏုဇီဝမဟုတ်တဲ့ သက်ရှိတွေရဲ့ ယေဘုယျအားဖြင့် ကွာခြားမှုက Cell တစ်လုံးတည်နဲ့ ဖွဲ့စည်းသလား၊ Cell များစွာနဲ့ ဖွဲ့စည်းသလား ဆိုတာပါပဲ။ Cell တစ်လုံးတည်းနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတွေက အရွယ်သေးလွန်းတာကြောင့် မျက်စိနဲ့ ဒီအတိုင်းမမြင်ရတာပါ။ Cell ပေါင်း ထောင်သန်းချီပြီး ပါတဲ့ သက်ရှိတွေကတော့ အရွယ်များစွာ ပိုကြီးကြပါတယ်။ ဒါပေမယ့် Cell တစ်လုံးတည်းရှိခြင်း၊ Cell များစွာစုဖွဲ့ခြင်းတွေက Bacteria နဲ့ တခြားသက်ရှိတွေကို မျိုးခွဲထွက်စေတဲ့ လက္ခဏာရပ်တွေမဟုတ်ပါဘူး။

ဇီဝမိသားစုသစ်ပင်ကြီးပေါ်မှာ သက်ရှိမျိုးနွယ်တွေရဲ့ မျိုးခွဲထွက်ပြောင်းလဲခဲ့တဲ့ သမိုင်းကြောင်း အတိုင်းသာ ရှိပါတယ်။ သက်ရှိတွေကို “ဒါကတော့ အပင်၊ ဒါကတော့ သတ္တဝါ” လို့ ကိုယ့်သဘောနဲ့ အုပ်စုတွေဖွဲ့မယ့်အစား၊ ဇီဝဗေဒပညာရှင်များကတော့ ဇီဝမိသားစုသစ်ပင်ကြီးမှာ၊ ဘယ်မျိုးနွယ်က ဘယ်လိုခွဲထွက်လာပြီး၊ ဘယ်မျိုးနွယ်အသစ်တွေ ဖြစ်လာစေတယ် ဆိုတာကို အခြေပြုကာ အုပ်စုဖွဲ့ သတ်မှတ်ကြပါတယ်။ သတ္တဝါဆိုရင်လည်း လွန်ခဲ့တဲ့နှစ်သန်း၆ဝဝကျော်က ရှေးအကျဆုံး သတ္တဝါတစ်မျိုးကနေ စပြီး ယနေ့ခေတ်သတ္တဝါအားလုံးကို ခြုံငုံကာ သတ္တဝါအုပ်စု (Animalia) လို့ သတ်မှတ်ရပါတယ်။ ထိုနည်းတူစွာ Bacteria ဆိုရင်လည်း Bacteria အားလုံးရဲ့ ဇာစ်မြစ်ကို ပြန်လိုက်ရင် တွေ့ရမယ့်၊ Bacteria ဘိုးအေကြီး တစ်ခုခုကနေ စလို့၊ ယနေ့ခေတ်ရှိနေတဲ့ Bacteria အားလုံးကို စုစည်းပြီး Bacteria ရယ်လို့ သက်ရှိအုပ်စု တစ်ခုသတ်မှတ်ရတယ်။

ဇီဝမိသားစုသစ်ပင်ကြီးကို ပြန်ကြည့်ရင် အရင်းဖက်အကျဆုံး အကိုင်းအခက်ကြီး သုံးခုရှိပါတယ်။ ဒီ့ထက် ပိုအရင်းဖက်ကျတဲ့ အကိုင်းအခက်တွေလည်း ရှိမှာပါ။ ဒါပေမယ့် ဒီအကိုင်းကြီး သုံးခုထက် ပိုစောတဲ့ ကာလတွေမှာတော့၊ သက်ရှိမျိုးနွယ်တွေဟာ အချင်းချင်း စပ်ယှက်မှုများလွန်းတာကြောင့် သပွတ်အူသဖွယ် ရှုပ်ထွေးနေပါလိမ့်မယ်။ ဒီနေရာမှာ ဇီဝဗေဒပညာရှင်တွေအတွက် မျိုးဗီဇတွေရဲ့ ပြောင်းလဲပုံကို ဆက်လက်ခြေရာခံဖို့ အလွန်ခက်ခဲသွားပါပြီ။ အကိုင်းကြီး သုံးခုအကြောင်းကို ပြန်ဆက်ရရင်၊ Bacteria၊ Archaea၊ နဲ့ Eukarya ဆိုပြီး ရှိပါတယ်။

ဒီဇီဝအုပ်စုကြီးတွေကို ကြုံရာကျပန်း၊ သို့မဟုတ် လူ့ဆန္ဒအလိုကျ လက္ခဏာတွေနဲ့ ဖန်တီးသတ်မှတ်ထားခြင်း မဟုတ်ပါဘူး။ ဗီဇပညာရပ်အရ၊ မျိုးဗီဇတွေရဲ့ ဆင့်ကဲပြောင်းလဲပုံတွေကို DNA အဆင့်အထိ လေ့လာပြီးမှ ဘယ်သူနဲ့ ဘယ်သူက ပိုအမျိုးနွယ်မယ်၊ ဘယ်သူက ပိုပြီး ရှေးကျမယ်ဆိုတာမျိုးကို စနစ်တကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Bacteria အုပ်စု အကြောင်း ဆက်မပြောခင် ကျန်တဲ့ သက်ရှိအုပ်စုနှစ်ခုနဲ့ အနည်းအကျဉ်း မိတ်ဆက်ခဲ့ချင်ပါသေးတယ်။ Eukarya ဆိုတာ ကျွန်တော်တို့ လူသားနဲ့ သတ္တဝါတွေ၊ အပင်တွေ ပါဝင်တဲ့ အုပ်စုဖြစ်ပါတယ်။ အမီးဘား (Amoeba) လို အဏုဇီဝတွေလည်း Eukarya အုပ်စုမှာ ပါဝင်ကြပါတယ်။ Eukarya တွေကို စံပြုသတ်မှတ်တဲ့ လက္ခဏာရပ်ကတော့ သူတို့ Cell တွေထဲမှာ DNA နေထိုင်တဲ့ Nucleus ပါရှိခြင်းပါ။ Bacteria နဲ့ Archaea ရဲ့ Cell တွေမှာတော့ Nucleus မရှိပါဘူး။ DNA က Cell အမြှေးပါးပေါ်မှာ တွဲလွဲခိုလျက်သာ ရှိပါတယ်။ Archaea ဟာလည်း Bacteria လိုပဲ အဏုဇီဝတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ မျိုးဗီဇက Eukarya မျိုးဗီဇနဲ့ များစွာ ပိုနီးစပ်ပါတယ်။ Archaea အဏုဇီဝတွေကို ရေပူစမ်းကဲ့သို့ အပူဓာတ်၊ ဆားဓာတ် လွန်ကဲတဲ့ နေရာတွေမှာ တွေ့ရတတ်တာက မှတ်သားဖွယ်ရာ အချက်တစ်ခုဖြစ်တယ်။

No comments:

Post a Comment