Thursday 21 January 2016

အတက်ရောဂါ အယူအဆမှားများ

အတက်ရောဂါနဲ့ ဝက်ရူးပြန်မတူညီပါ။ ဝက်ရူးပြန်ဆိုတာ အတက်ရောဂါတွေအနက်က တခုသာဖြစ်တယ်။ အကြောဆွဲတာ၊တွန့်တာ၊တက်တာ အကုန်လုံးက အတက်ရောဂါထဲကို ထည့်ပါတယ်။ အတက်ရောဂါကို convulsion လို့ခေါ်တယ်။ ဝက်ရူးပြန်ကျတော့ epilepsy တဲ့။ ခွေးရူုးပြန်ကျတော့ rabies ဆိုပြီး ဖြစ်ပြန်ရော။ တက်တာကိုမြန်မာတွေ ရူးတာနဲတင်စားကြတယ်။ 

တက်တဲ့ပုံစံတွေ အမျိုးမျိုးရှိမယ်။ focal နေရာကွက်ဖြစ်တာနဲ့ generalized တကိုယ်လုံးဖြစ်တာဆိုပြီး ယေဘုယျခွဲနိုင်တယ်။ မြန်မာကာတွန်းထဲက  ဦးကပ်စီးဆိုတဲ့ ဇာတ်ကောင်ကို ကြားဖူးလိမ့်မယ်။ သူတက်တာမျိုးက ခြေ၊လက်၊ခေါင်း အကုန်ပါလို့ generalizedထဲမှာ ထည့်ရတယ်။ လက်(သို့)မျက်နှာ နေရာတခုတည်း ကွက်ပြီး တက်တာကို focalလို့ခေါ်ပါတယ်။

တက်တဲ့လူနာကို ဘာလုပ်ပေးမလဲ။

တက်တဲ့လူနာတယောက်ကို တကယ်တမ်းလုပ်ပေးသင့်တာက ခန္ဓာကိုယ် ဘယ်ဖက်စောင်းပေးဖို့ပဲ ဖြစ်တယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းကို လျှာက သွားပိတ်မှာကာကွယ်ပေးတယ်။ဒီကြားထဲ လူနာရှင်ရှိရင် အားပေးရတယ်။ ပျောက်သွားမှာပါ၊စိတ်မပူပါနဲ့၊ဒါမျိုးက ဖြစ်တတ်ပါတယ်ဆိုတာမျိုး။ တကယ်လည်း တက်သူ အများစုဟာ ၅-၁၅မိနစ်အတွင်း ဘာကုသမှုမှ မလိုအပ်ပဲသူ့ဘာသာသက်သာသွားကြတယ်။ 

သတိပြုရမှာတွေက တက်နေသူတွေ့ရင် ယောင်ဝါးဝါးနဲ့ ဟိုကိုင်၊ဒီကိုင် မလုပ်မိစေနဲ့။ ဘေးမှာ လူမအုံစေနဲ့။ အသက်ရှု၊နှလုံးခုန် စမ်းသပ်ပါ။ ဖြစ်နေတဲ့ လူနာကို ဘေးစောင်းပြီး အသာထိုင်စောင့်နေသူတွေတွေ့ရင် အပြစ်တင်မစောလိုက်ပါနဲ့။ သူ့တို့က အတွေ့အကြုံရှိပြီးသူတွေမို့ ဒီလိုလုပ်တာပါလားလို့ နားလည်လိုက်ပါ။ တချို့က ကြောက်လန့်တကြား ဟိုလုပ်၊ဒီလုပ်ဆိုတာတွေက လူနာကို ပိုဆိုးစေတယ်။ တင်းကျပ်လာတဲ့ကြွက်သားတွေ အတင်းဇွတ်ဖြည်တာ၊ဖြန့်တာမျိုးက လူနာကို ထိခိုက်ဖို့ပဲ ဦးတည်နေတယ်။ အရပ်ပြောနည်းတွေ ယောင်လို့တောင် သွားမလုပ်ပါနဲ့။ 

တက်တဲ့လူကို ခြေမချိုးပေးရင် သက်သာတယ်ဆိုတဲ့ အယူအဆက လုံးဝမှားတယ်။ ထိုင်နေတော့ အကောင်း၊ထသွားမှ ကျိုးရှာတယ်။ အရပ်ပြောနည်း စပါးကျီးသည်းခြေ လျှာပွတ်ရင် ပျောက်တယ်ဆိုတာတွေက ရှေးကတည်းက အခုထိ မှားလို့ကောင်းဆဲပါ။ ဒီလို misbelief တွေက တခြာနိုင်ငံတွေမှာလည်း ရှိပါတယ်။ အယူအဆမှားတွေကို မီဒီယာလုပ်သူတွေဖက်က ထောက်ပြဖို့ တာဝန်ရှိပါတယ်။ မီဒီယာလုပ်သူတွေအနေနဲ့ ပြည်သူကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် တင်ပြပေးဖို့ လိုအပ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment