Monday 25 January 2016

အသည်း GOT နဲ့ GPT သတ်မှတ်ချက်

လူတယောက်နဲ့ တယောက်မတူနိုင်ဘူး။ BMIခေါ်တဲ့ အရပ်နဲ့ အလေးချိန် အချိုးအပေါ်မူတည်တယ်။
• ပုံမှန် AST (SGOT) = 5 to 40 units/L ရှိတယ်။ 
• ပုံမှန် ALT (SGPT) = 7 to 56 units/L ရှိတယ်။
တချို့ ဓါတ်ခွဲခန်းနည်းက 
• ပုံမှန် AST (SGOT) = 2-45 IU/L သတ် မှတ်ပြီးတယ်။ 
• ပုံမှန် ALT (SGPT) = 2-40 IU/L သတ် မှတ်တယ်။

Sunday 24 January 2016

သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍

၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေး လိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ် သင့်ပါ။
၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်း သင့်ပါ။
၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနားယူပါ။
၎။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။
၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

သင့်တွင် သွေးတိုးရောဂါရှိနေလျှင်

၁။ အပေါ်သွေးကို ၁၀-၄၀ ချရုံမျှဖြင့် (၀ါ) အောက် သွေးကို ၅-၆ ချရုံမျှဖြင့် လေဖြတ်ခြင်း အန္တရာယ်မှ ၄၀ % သက်သာပြီး နှလုံးသွေးကြော ရောဂါ အန္တရယ်မှ ၁၆% သက်သာနိုင်ကြောင်း သတိပြုပါ။
၂။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။ ဆေး လိပ်ဖြတ်ပါ။ အရက်တစ်နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ အသားဆီ၊ အုန်းဆီ မစားပါနှင့်။
အငန်၊ ချက်ထားသော ဆီ၊ ဟင်းချိုမှုန့်လျှော့ပါ။
ငါးဟင်း တစ်ပတ် ၃ ရက်စားပါ။ သစ်သီးဝလံ တစ်နေ့ တစ်လုံးစားပါ။ တစ်ပတ် ၃ ရက်၊ တစ်ရက် နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်များလျှင် စနစ်တကျလျော့ချပါ။ ပူပင်သောကနည်းအောင်နေပါ။ တရားထိုင်ပါ။

၃။ သွေးပေါင်ကျဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း တိကျစွာ သောက်ပါ။ (သင်ခံစားနေရသော ရောဂါ လက္ခဏာပေါ်မူတည် ၍ သင့်ဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်)

သွေးတိုး၏ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ


* နှလုံး ကြွက်သားထူပြီး နှလုံးအလုပ်ထိခိုက်ခြင်း၊ နှလုံးအားနည်းလာခြင်း၊
နှလုံးသွေးကြော ကျဉ်းခြင်း၊
ပိတ်ခြင်း၊ ဖောခြင်း။
* ဦးနှောက်သွေးကြော ပေါက်ခြင်း၊ ပိတ်ခြင်း။
* အမြင်အာရုံချိုတဲ့၍ မျက်စိကွယ်နိုင်ခြင်း။
* ကျောက်ကပ်ပျက်စီးပြီး ဆီးဆိပ်တက်ခြင်းတို့ ဖြစ်တတ်ပါသည်။

သွေးတိုးရောဂါ လက္ခဏာများ

* သွေးတိုးသောလူနာအများစုတွင် သွေးတိုးရောဂါ သည် ရောဂါလက္ခဏာ အမြဲတမ်းမပြတတ်ပါ။ တစ်ခါတစ်ရံ -
ခေါင်းကိုက်ခြင်း၊
ဇက်ကြောတက်ခြင်း၊
မူးခြင်း၊
အမြင်မကြည်လင်ခြင်း အစရှိသော လက္ခဏာများ ကို တစ်ခါတစ်ရံ ပြသတတ်ပါသည်။ တစ်ခါတစ်ရံတွင်မှ ရောဂါလက္ခဏာပြသောကြောင့် တစ်ခါတစ်ရံတွင်သာ သွေးတိုးတတ်သည်မဟုတ် ပါ။ သွေးတိုးဟူသည် ရောဂါစဖြစ်ပါက ဆက်တိုက် သွေးတိုးသွားဖို့သာ ရှိပါသည်။ ပြန်ကောင်းသွား စရာ မရှိပါ။ ရောဂါလက္ခဏာ ပေါ်သည်နှင့် မပေါ် သည်သာ ရှိပါသည်။ ထို့ကြောင့် လက္ခဏာပေါ် လျှင် ဆေးသောက်မည် မပေါ်လျှင် ဆေးမ သောက်ဘဲနေ၍ မရပါ။

မည်သည့်ရောဂါလက္ခဏာ မျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။

သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ

* သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol) ဓာတ်များခြင်း
* အဆီအဆိမ့် အစားများခြင်း
* အ၀လွန်ခြင်း
* ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
* ဆေးလိပ်သောက်ခြင်း
* အရက်သောက်ခြင်း
* ဆီးချိုရှိခြင်း
* ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်း

သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်း

* သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည် လည်း မတူညီပါ။ သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုသည်။
* သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သောဟီမိုဂလိုဗင်ဓာတ် (Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။
* ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံအကြောင်းအရင်းက တော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်

လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ် သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင် ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့်အောက် သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။
အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။

အပေါ်သွေးသည် ၁၄၀ နှင့် ၁၅၉ ကြားရှိပြီး အောက်သွေးသည် ၉၀ နှင့် ၉၉ ကြားရှိပါက hypertension stage 1 အဆင့်တစ် သွေးတိုးခြင်းဟုခေါ်သည်။

အပေါ်သွေးသည် ၁၆၀ နှင့် အထက် ရှိပြီး အောက်သွေးသည် ၁၀၀ နှင့် အထက် ရှိပါက hypertension stage 2 အဆင့်နှစ် သွေးတိုးခြင်းဟုခေါ်သည်။

သွေးပေါင်ချိန်ဆိုသည်မှာ

* သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။

* အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာနှလုံးကသွေးညှစ်နေခိုက် သွေးကြော အတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး

* အောက်သွေး (Diastolic blood pressure) ဆိုသည်မှာနှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။

Thursday 21 January 2016

လေထုညစ်ညမ်းရောဂါ

လေထုညစ်ညမ်းတာ ရန်ကုန်၊ မန္တလေး တင်မဟုတ်ပဲ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ၊ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်းရှိကြတယ်။ အထူးသဖြင့် urbanisation ခေါ်တဲ့ မြို့ပြယဉ်ကျေးမှုထွန်းကားလာပြီး industrialisation စက်မှုလုပ်ငန်းတိုးတက်လာတာလည်း ပါလိမ့်မယ်။ လေထုတင်မက ရေထု၊မြေထု ညစ်ညမ်းမှုဆိုတာ နိုင်ငံတိုင်းကြုံတွေ့နေရတယ်။ သစ်တောပြုန်းတီးတာ၊မြေဆီလွှာခမ်းခြောက်တာ၊အပူချိန်မြင့်တက်လာတာတွေအားလုံးက တခုနဲ့တခုဆက်စပ်နေတယ်။ ဒါ့ပြင် နိုင်ငံတခုရဲ့ လုပ်ဆောင်မှုက အခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်စေနိုင်တယ်။ ထားပါ။ ဆက်ပြောရင်ဆုံးမှာမဟုတ်လို့ ဒီနေရာမှာတင် ရပ်ပါရစေ။

ကျန်းမာရေးရှုထောင့်အရ လေကို ရှုရှိုက်တာ အဆုတ်က အရင်ဖြစ်လို့ အရင်ဆုံးအဆုတ်နဲ ပတ်သက်တဲ့ရောဂါတွေ ခံစားရမယ်။ပန်းနာ၊လေပြွန်ရောင်၊အဆုတ်နာ၊အဆုတ်ရောင်၊အဆုတ်ကင်ဆာစတာတွေ ဖြစ်နိုင်တယ်။ လေကိုသုံးစွဲတဲ့ ဒုတိယနေရာက နှလုံးဖြစ်လို့ နှလုံးရောဂါဆိုတာ ဖြစ်မယ်။ နှလုံးသွေးကြောကျဉ်း၊နှလုံးပုပ်တာ၊သွေးတိုးရောဂါ၊သွေးကြောပိတ်တာဖြစ်မယ်။ဦးနှောက်ဆိုရင် မှတ်ဥာဏ်အားနည်းတာ၊ထုံကျင်တာ၊လေဖြတ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ တခြားအစိတ်အပိုင်းတွေရောက်ပြန်တော့ ခန္ဓာကိုယ် လုပ်ဆောင်မှုအားမကောင်းတော့ဘူး။ အဆိပ်အတောက်ဖယ်ရှားတဲ့ အသည်း၊အူ၊ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကိုလည်း ထိခိုက်လာတယ်။ ပြောရရင် ကိုးဆယ့်ခြောက်ပါးမက ရောဂါတွေ ဖြစ်နိုင်တယ်။ 

မြန်မာနိုင်ငံမှာ research လုပ်၊မလုပ် ကျွန်တော်မသိပါ။ မလုပ်တာဖြစ်နိုင်သလို မသိ တာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ငွေကုန်ကြေးကျခံပြီး သေချာလုပ်မှရမှာမျိုးပါ။ တဖကိကတွေးကြည့်ပြန်တော့ research လုပ်ဖို့ မဆိုထားနဲ့ ထမင်းနပ်မှန်အောင် မနည်းကြိုးစားနေရတဲ့ တိုင်းပြည်အခြေအနေအရ အဆင်မပြေသေးတာလည်း ပါနိုင်တယ်။  ဈေးတွေ၊လူနေထူထပ်တဲ့နေရာတွေမှာ သန့်ရှင်းရေးလုပ်ဖို့ ဆရာဝန်တွေထက် ပိုလုပ်သင့်တာက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ပိုအရေးကြီးတာက လူတွေရဲ့ လိုက်နာဆောင်ရွက်မှုပါ။လက်ညှိးတွေ လိုက်ထိုးနေရင် နောက်ဆုံးကိုယ့်စီပဲ ပြန်ရောက်လာလို့ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်ပါ။ ဒီကိစ္စမျိုးက မကောင်းဘူးပြောနေရုံနဲ့မပြီးဘဲ လက်တွေ့လုပ်ဆောင်မှုရှိမှ ထိရောက်ပါတယ်။ ကျန်းမာရေး အသိနဲ့ သတိရောစပ်ပြီး နိုင်ငံသားအားလုံး စိတ်တူကိုယ်တူ စည်းကမ်းတကျ လိုက်နာဆောင်ရွက်မှ တိုးတက်ပါမယ်။ ဟိုစကားပုံလေးလိုပေါ့။

"ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် အစဉ်လိုက်၏။"

ဒေါက်တာ အေးမင်းထူး

အုန်းသီးရဲ့ လျှို့ဝှက်ချက်

အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်။
အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ 
ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ 
ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်။ 
ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင် ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေ တစ်ခုကို ပြောပြရမယ် ဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက ပစိဖိတ် ဒေသ စစ်ပွဲတွေ မှာ စစ်သားတွေ အများအပြား ဒဏ်ရာ ရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ် နေပေမဲ့ စစ်မြေပြင် ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည် အစား ထိုးသွင်း ကုသပြီး အသက် ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ 
အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်။

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။

ကိုလက်စရောကို ကျဆင်းစေခြင်း
အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိ
ပေးခြင်း
ဗိုင်းရပ်စ်ပိုးများကိုကာကွယ်တိုက်
ဖျက်ခြင်း
ဆဲလ်အသစ်များကိုတိုးပွားစေခြင်းဟိုမုန်းကိုထိန်းချုပ်ပေးခြင်း
ကိုယ်အလေးချိန်ကိုလျော့ချပေးနိုင်
ခြင်း
အဟာရဓာတ်နှင့်အောက်ဆီဂျင်ကိုဆဲလ်များအတွင်းပို့ဆောင်ပေးနိုင်
ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကိုတိုးတက်စေ
ခြင်း
ရောဂါများကို ခုခံကာကွယ်ပေးခြင်း
မှတ်ဥာဏ်ချို့ယွင်းမှုကိုကာကွယ်ပေးခြင်း
ဘက်တီးရီးယားများကို သေစေနိုင်ခြင်းစတဲ့ အကျိုးဆက် များစွာကို ပေးနိုင်တဲ့အတွက်
ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့အုန်းသီး ဖြစ်ပါတယ်။

အုန်းသီး အနုတွင် သန့်စင် ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့ အတွက် အုန်းသီးအရင့်ထက် စာရင် အဆီ ပါဝင်မှုနှုန်း နည်းပါးပါတယ်။

(ထို့ကြောင့်လည်း ကျန်းမာရေး အတွက် စဉ်းစားပြီး အုန်းသီး တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူ သင့်တယ်လို့ သိရပါတယ်။)

အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညို ခပ်ဖျော့ဖျော့ အရောင် ရှိတတ်ပါတယ်။
အုန်းဆီအုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုး များတဲ့ ဆေးကုသမှု ဆိုင်ရာပစ္စည်း
အဖြစ် သုံးစွဲနိုင်ပါသေးတယ်။
အုန်းဆီဟာ အားလုံး သိကြတဲ့ အတိုင်း ဆံပင်သန်စွမ်း နက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်။
အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်း တို့ကို ကာကွယ် နိုင်ပါတယ်။ 
ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ 
ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်။ 
နောက်ထပ် အသုံးဝင်သော အချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ 
အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက် ပေးပါက သွားများကို ပိုမို ခိုင်မာ စေနိုင်ပါတယ်လို့ ဖော်ပြ ထားပါတယ်။
အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများ အတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်။
အုန်းဆီကို အရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
အရေပြား တွန့်ခြင်းကိုလည်း နှောင့်နှေး စေတယ် လို့ သိရပါတယ်။ 
အုန်းဆီပါဝင်တဲ့ အရေပြား စောင့်ရှောက် ပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ် ကြပါတယ်။
ထိခိုက်ရှနာများ အတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူ ပြုနိုင် ပါသေးတယ်။ 
ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေး အဖြစ် ဖုံးအုပ် ထားစေပါတယ်။ 
အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန် စေနိုင်စွမ်း ရှိကြောင်း သိရပါတယ်။ အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သော မှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။
အုန်းသီးထွက်ပစ္စည်းများအုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည် တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြု ကြပါတယ်.. အချို့သော နိုင်ငံ များတွင် အုန်းနို့မှာ ဟင်းလျာ အတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်။
မြန်မာ နိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော် များများတွင် အုန်းနို့ ပါဝင်တတ်ပါတယ်။
အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့် ပြု လုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုး ရောဂါသမားများအတွက် အလွန်အန္တရာယ် ကြီးပါတယ်။
ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်။
Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့်Funzug.com မှ အချက်အလက်များကို မှီငြမ်း ကိုးကားပါသည်။ ဤပိုစ့်ပါ အချက် အလက်များကို အတည်ပြုပေးပြီး အချက်အလက် အသစ်များ ထပ်မံ ရှာဖွေ ကူညီပေးသော ဒေါက်တာ ဇီဝက(ဆေး-၂) အားအထူး ကျေးဇူး တင်ရှိပါသည်။ 
Written by အာယ

အတက်ရောဂါ အယူအဆမှားများ

အတက်ရောဂါနဲ့ ဝက်ရူးပြန်မတူညီပါ။ ဝက်ရူးပြန်ဆိုတာ အတက်ရောဂါတွေအနက်က တခုသာဖြစ်တယ်။ အကြောဆွဲတာ၊တွန့်တာ၊တက်တာ အကုန်လုံးက အတက်ရောဂါထဲကို ထည့်ပါတယ်။ အတက်ရောဂါကို convulsion လို့ခေါ်တယ်။ ဝက်ရူးပြန်ကျတော့ epilepsy တဲ့။ ခွေးရူုးပြန်ကျတော့ rabies ဆိုပြီး ဖြစ်ပြန်ရော။ တက်တာကိုမြန်မာတွေ ရူးတာနဲတင်စားကြတယ်။ 

တက်တဲ့ပုံစံတွေ အမျိုးမျိုးရှိမယ်။ focal နေရာကွက်ဖြစ်တာနဲ့ generalized တကိုယ်လုံးဖြစ်တာဆိုပြီး ယေဘုယျခွဲနိုင်တယ်။ မြန်မာကာတွန်းထဲက  ဦးကပ်စီးဆိုတဲ့ ဇာတ်ကောင်ကို ကြားဖူးလိမ့်မယ်။ သူတက်တာမျိုးက ခြေ၊လက်၊ခေါင်း အကုန်ပါလို့ generalizedထဲမှာ ထည့်ရတယ်။ လက်(သို့)မျက်နှာ နေရာတခုတည်း ကွက်ပြီး တက်တာကို focalလို့ခေါ်ပါတယ်။

တက်တဲ့လူနာကို ဘာလုပ်ပေးမလဲ။

တက်တဲ့လူနာတယောက်ကို တကယ်တမ်းလုပ်ပေးသင့်တာက ခန္ဓာကိုယ် ဘယ်ဖက်စောင်းပေးဖို့ပဲ ဖြစ်တယ်။ဒီလိုလုပ်ပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းကို လျှာက သွားပိတ်မှာကာကွယ်ပေးတယ်။ဒီကြားထဲ လူနာရှင်ရှိရင် အားပေးရတယ်။ ပျောက်သွားမှာပါ၊စိတ်မပူပါနဲ့၊ဒါမျိုးက ဖြစ်တတ်ပါတယ်ဆိုတာမျိုး။ တကယ်လည်း တက်သူ အများစုဟာ ၅-၁၅မိနစ်အတွင်း ဘာကုသမှုမှ မလိုအပ်ပဲသူ့ဘာသာသက်သာသွားကြတယ်။ 

သတိပြုရမှာတွေက တက်နေသူတွေ့ရင် ယောင်ဝါးဝါးနဲ့ ဟိုကိုင်၊ဒီကိုင် မလုပ်မိစေနဲ့။ ဘေးမှာ လူမအုံစေနဲ့။ အသက်ရှု၊နှလုံးခုန် စမ်းသပ်ပါ။ ဖြစ်နေတဲ့ လူနာကို ဘေးစောင်းပြီး အသာထိုင်စောင့်နေသူတွေတွေ့ရင် အပြစ်တင်မစောလိုက်ပါနဲ့။ သူ့တို့က အတွေ့အကြုံရှိပြီးသူတွေမို့ ဒီလိုလုပ်တာပါလားလို့ နားလည်လိုက်ပါ။ တချို့က ကြောက်လန့်တကြား ဟိုလုပ်၊ဒီလုပ်ဆိုတာတွေက လူနာကို ပိုဆိုးစေတယ်။ တင်းကျပ်လာတဲ့ကြွက်သားတွေ အတင်းဇွတ်ဖြည်တာ၊ဖြန့်တာမျိုးက လူနာကို ထိခိုက်ဖို့ပဲ ဦးတည်နေတယ်။ အရပ်ပြောနည်းတွေ ယောင်လို့တောင် သွားမလုပ်ပါနဲ့။ 

တက်တဲ့လူကို ခြေမချိုးပေးရင် သက်သာတယ်ဆိုတဲ့ အယူအဆက လုံးဝမှားတယ်။ ထိုင်နေတော့ အကောင်း၊ထသွားမှ ကျိုးရှာတယ်။ အရပ်ပြောနည်း စပါးကျီးသည်းခြေ လျှာပွတ်ရင် ပျောက်တယ်ဆိုတာတွေက ရှေးကတည်းက အခုထိ မှားလို့ကောင်းဆဲပါ။ ဒီလို misbelief တွေက တခြာနိုင်ငံတွေမှာလည်း ရှိပါတယ်။ အယူအဆမှားတွေကို မီဒီယာလုပ်သူတွေဖက်က ထောက်ပြဖို့ တာဝန်ရှိပါတယ်။ မီဒီယာလုပ်သူတွေအနေနဲ့ ပြည်သူကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန် တင်ပြပေးဖို့ လိုအပ်ပါတယ်။  

ဒေါက်တာ အေးမင်းထူး

လေးဖက်နာပိုး စစ်ခြင်း

ASOစစ်တာကို မြန်မာတွေအလွယ်ခေါ်တော့ လေးဖက်နာပိုးတဲ့။ တကယ်က ပိုးကိုစစ်တာမဟုတ်ပါဘူး။ အင်တီဘော်ဒီ ဓာတ်ကို စစ်တာ။ ဆေးစာလိုရေးတော့ ASOစစ်တာလို့ အလွယ်ခေါ်တယ် ရေးတယ်။ ASOဆိုတာ Anti-Streptolysin Oဆိုတာကို အတိုကောက်ခေါ်ဝေါ်တာပါ။ Streptolysin Oဆိုတဲ့ အင်တီဂျင်ကို တိုက်တဲ့ အင်တီဘော်ဒီကို ASOလို့ ခေါ်ပါတယ်။ ASOက လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ရဲ့ ၈၅ရာခိုင်နှုန်းမှာ တက်နေတတ်တယ်။တနည်းအားဖြင့် လေးဖက်နာပိုးဝင်သူရဲ့ ၁၅-၂၀ရာခိုင်နှုန်းဟာ ASO titerတက်မှာ မဟုတ်ဘူး။ ဆိုလိုချင်တာက လေးဖက်နာအဖျားရှိသူ ၅ယောက်မှာ လေးယောက်ပဲ ASO တက်နေတာတွေ့ရပါမယ်။  
ဒါ့ကြောင့် အဖြေက ပုံမှန်ထဲရောက်နေရင်တောင် လေးဖက်နာ အဖျားကို ပြစ်ပယ်လို့ မရနိုင်ဘူး။နောက်ပြီး သွေးစစ်တဲ့အချိန်လည်း အရေးကြီးပါတယ်။ ASO အင်တီဘော်ဒီက streptococcus ပိုးဝင်ပြီး ၁ပတ်နေရင် စတက်တယ်။ ပိုးဝင်ပြီး ၁လကြာတဲ့အခါ အမြင့်ဆုံးရောက်လာတယ်။ တခါတက်ပြီး ၃-၆လ ကြာရင် ပုံမှန်levelအခြေကို ပြန်ရောက်သွားတယ်။ ရောဂါပိုးဝင်ဝင်ချင်းတက်မှာ မဟုတ်လို့ (-)ဆိုရင် ၂ပတ်ကြာတဲ့အခါ ထပ်စစ်သင့်တယ်။

ASOက ဘာတွေပြောလဲ

Titerတက်နေရင် အရင်က streptococcal ပိုးဝင်ဖူးတယ်လို့ သိရတယ်။

ASOက လည်ချောင်းပိုးဝင်တဲ့အခါ အရေပြားပိုးဝင်တာထက် ပိုမြှင့်နေတတ်တယ်။ ASO <200ဆိုရင် ပုံမှန်လို့သတ်မှတ်တယ်။ ASO>200ဆိုရင် များတယ်သတ်မှတ်တယ်။ နိုင်ငံ၊အသက်အရွယ်ပေါ်လိုက်ပြီး သတ်မှတ်ပုံမတူညီကြဘူး။ လူကြီးတွေမှာ ASO titer >250 todd unitရှိရင် များတယ်သတ်မှတ်တယ်။ ၅နှစ်အထက် ကလေးတွေမှာ ASO titer >333 todd unitရှိရင် များတယ်။ 

လေးဖက်နာ(Rheumatic) ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းပါတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။ နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ လေထုဖိအားရုတ်တရက် ကျဆင်းတာကြောင့် ပိုမိုနာကျင်လာတတ်တယ်။အထူးသဖြင့် မိုးတွင်းကာလတွေမှာပိုအဖြစ်များတယ်။ လက္ခဏာတွေကလည်း အရေးကြီးပါတယ်။

လေးဖက်နာနာမည်ခံထားတဲ့ ရောဂါအမျိုးမျိုးရှိပါတယ်။ ဒီထဲမှာ

လေးဖက်နာအဖျားရောဂါ(acute rheumatic fever)ကတော့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်း ပျက်ဆီးတဲ့ရောဂါတမျိုး ဖြစ်ပါတယ်။ နှလုံး၊အဆစ်၊သွေးကြောတွေ ရောင်ရမ်းပျက်ဆီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်ကဝင်လာတဲ့ streptococcus ပိုးကို ခန္ဓာကိုယ်က ပြန်လည် တုံ့ပြန်တဲ့အခါ အဆိုပါတစ်ရှူးတွေကိုပါ မှားယွင်းတိုက်ခိုက်မိလို့ ဖြစ်ပါတယ်။ လေးဖက်နာပိုးစစ်တယ်ဆိုတာ ဒီအတွက်စစ်တာဖြစ်ပါတယ်။ 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ASO စစ်ပြီး လေးဖက်နာရောဂါ မဟုတ်ပဲ မှားယွင်းပြီး ရောဂါအမည်တပ်တာမျိုး  ၆၄ရာခိုင်နှုန်းလောက် တွေ့ရတယ်လို့ အစီရင်ခံစာတခုမှာ ဖော်ပြထားတယ်။ လေးဖက်နာရောဂါကို ဆရာဝန်နဲ့ ကျွမ်းကျင်ပညာရှင်တွေကသာ အမည်တပ်ရတယ်။ ဖြစ်လာရင် သောက်ဆေး၊ထိုးဆေး လိုအပ်သလို ပေးပါမယ်။ ဖြစ်လာရင် ဆရာဝန်နဲ့ ပြပါ။ ရောဂါအမည်ကို ဆရာဝန်ကသာ တပ်ပါစေ။ လူနာအနေနဲ့ ဆရာဝန်ရဲ့ ကုသမှုအတိုင်းသာ လိုက်နာသင့်တယ်။

ဒေါက်တာ အေးမင်းထူး